Thursday, July 10, 2008

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

ပထမနေ့ ကန်တော့ခံ
ဝါခေါင်လဆန်း (၈)ရက်


ခုလို ပွဲတော်စချိန်ရောက်ပြီဆိုလို့ရှိရင် တောင်ပြုန်းလမ်းခွဲကလေး ပတ်ဝန်းကျင်ဟာ မှိုင်းဝေရီပြာလို့ လွမ်းစရာကောင်းနေတတ်တယ်။ မန္တလေး မတ္တရာသွား ကားလမ်းဘေးကနေ ခွဲထွက်နေတဲ့ တောင်ပြုန်းလမ်းခွဲကလေးပေါ်မှာ ရောင်စုံကားတန်းကြီး ရှည်လျားစ ပြုပြီ။
လူရောင်စုံတွေနှင့်လည်း စည်ကားစပြုပြီ။
လမ်းခွဲကလေးပေါ်မှာ တိုက်ခတ်နေတဲ့ ၀ါဆို ၀ါခေါင်လေကလည်း ရမ်းကားမြူးကြွလှတယ်။
ရေတိုးစေတဲ့ ၀ါဆိုဝါခေါင် လေရမ်းကားကြောင့် လမ်းခွဲကလေးဘေးက တူးမြောင်းတစ်လျှောက်မှာ ညိုဝါရောင်ရေတွေ ပြည့်လျှံစီးဆင်းနေတယ်။ ရေရိပ်မိုးရိပ် ပွဲတော်ရိပ်ဟာ လမ်းခွဲလေးပေါ်ကလူတွေရဲ့ စိတ်ကို လှုပ်ရှားစေတယ်။ မြူးကြွစေတယ်။ လွတ်လပ်ပေါ့ပါးစေတယ်။
ခရီးသည်တင်း ဘတ်စ်ကားခေါင်မိုးပေါ်က လူငယ်တစ်ချို့ရဲ့ မြူးတူးအော်ဟစ်သံတွေကို ကြားရသလို ကျပ်ညပ် ပြည့်သိပ်နေတဲ့ ဘတ်စ်ကားအတွင်းထဲက မိန်းမကြီးငယ်တို့ရဲ့ အားကိုးတကြီး တီးတိုးတိုင်တည် ဆုတောင်းသံတွေကိုလည်း ကြားရတယ်။
ကိုယ်ပိုင်ကားငယ်လေးတွေထဲမှာ သက်တောင့်သက်သာ ထိုင်လိုက်လာရတဲ့ မိန်းမကြီးငယ်တွေကတော့ လက်အုပ်ကလေးကိုတောင် ချီပြီး ရော်ရမ်းမှန်းဆ ရှိခိုးတိုင်တည်လို့။
လမ်းဘေးဝဲယာမှာတော့ ကားတန်းကြီးကို ကြိုဆိုနေသလို ကလေးလူတန်းရှည်ကြီး ရှိတယ်။
သူတို့ဟာ နေလောင်အသားအရေလေးတွေ ကိုယ်စီနဲ့။
မည်းညစ်ညစ် အ၀တ်အစားလေးတွေကို ကိုယ်စီ ၀တ်ဆင်လို့။
တူညီတဲ့ အသံစာစာလေးတွေနဲ့ အဆက်မပြတ် အော်ဟစ်နေကြတာက “ပိုက်ဆံကြဲပါဗျို့” တဲ့။
သူတို့မျက်နှာလေးတွေဟာ မျှော်လင့်ချက်တွေ အပြည့်နဲ့ ကားတန်းကြီးပေါ်က လူတွေကို ကြည့်နေကြတယ်။
ကားတန်းပေါ်က လွင့်ပျံကျလာမယ့် ပိုက်ဆံ စက္ကူလေးတွေကို အလစ်မပေးတဲ့ မျက်လုံးပြူးလေးတွေနဲ့ စောင့်မျှော်နေကြတယ်။ ကားတစ်စီးစီးပေါ်ကနေ ပိုက်ဆံစက္ကူလေးတွေ ၀ဲခနဲကျလာတာနဲ့ ၀ိုင်းအုံ လုယက်ကောက်ကြတော့တယ်။
အဲဒီအချိန်မှာတော့ ဖုန်လုံးတွေဟာ လမ်းခွဲကလေးကို ဖုံးလွှမ်းသွားတတ်ပြီး ကားဘရိတ်သံနဲ့ အထိတ်တလန့် အော်ဟစ်သံတွေလည်း ပေါ်လာတတ်သေးတယ်.။
ကြေမွနေတဲ့ ပိုက်ဆံစက္ကူရွက်ကို တင်းတင်းဆုပ်ရင်း ကားဘီး အောက်ရောက်ဖို့ သီသီကလေးလိုတော့တဲ့ ကလေးတချို့ကတော့ ဘာမှမဖြစ်သလို ရယ်ဖြဲဖြဲနဲ့။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးမှာ ပွန်းပဲ့ရာတွေရှိတယ်။ မျက်လုံးလေးတွေကလည်း ကြောက်လန့်နေပါတယ်။
ကလေးတွေနဲ့ အတူတူ ရောနှောအော်ဟစ် ပိုက်ဆံတောင်းနေကြတဲ့ လူကြီးတစ်ချို့လဲ ရှိသေးတယ်။ အရက်မူးနေတဲ့ အမူးသမားတွေနဲ့ လမ်းခွဲလေးဘေး လယ်ကွင်းထဲက တက်လာကြတဲ့ မိန်းမတစ်စုပေါ့။
အမူးသမားတွေက ကားလမ်းလယ်မှာ လက်ညှိုးနှစ်ချောင်း တထောင်ထောင်နဲ့ မျက်လုံးမှိတ်ယိမ်းယိုင်ကရင်း ကားတွေကို တားသလို မိန်းမတစ်စုကလည်း သူတို့ တဘက်ကို ကြိုးလိုဆက်ပြီး ကားကိုတားတယ်။ ကားအရှိန်နှေးလိုက်တာနဲ့“ ပိုက်ဆံကြဲပါဗျို့”ကို ၀ိုင်းအော်ကြရင်း လက်ခုပ်သံ မြိုင်မြိုင်နဲ့ ကခုန်ကြတော့တယ်။
ကလေးလူတန်းရှည်ကြီးဟာ တောင်ပြုန်းလမ်းခွဲကလေးဆုံးတဲ့ အထိ မဆုံးနိုင်အောင် ရှိနေတုန်းပဲ။
လမ်းခွဲကလေးအဆုံးမှာ တောင်ပြုန်းရွာရှိတယ်။ ပွဲတော်ကွင်းကြီးရှိတယ်။
ဒါပေမယ့် ပွဲတော်လာသူတွေနဲ့ ပွဲတော်ဆိုင်တွေက တောင်ပြုန်းရွာကလေးကို ဖုံးအုပ်ပစ်လိုက်တယ်။ တောင်ပြုန်းရွာကလေးဟာ ပွဲတော်ကွင်းကြီး ဖြစ်သွားခဲ့ပြီ။


No comments: