Friday, October 3, 2008

လူချွန်လူကောင်း

ဂီတဟာ လူ့စိတ်ကို အဖမ်းစားနိုင်ဆုံး၊ အထိမ်းချုပ်နိုင်ဆုံး အနုပညာတရပ်လို့ ကျွန်တော်ပြောရင် တော်တော်များများက လက်ခံနိုင်လိမ့် မယ် ထင်ပါတယ်။ သက်ရှိ သတ္တ၀ါတွေထဲမှာမှ အဆင့်အမြင့်ဆုံးသော လူသားတမျိုးသာလျှင် သိမ်မွေ့ဆန်းကြယ်လွန်းလှတဲ့ ဂီတဆိုသော အနုပညာကို နားလည် ခံစားနိုင်ပါတယ်။ ဒီနေရာမှာ တချို့တရိစ္ဆာန်တွေလည်း တေးဂီတကို နားထောင်တတ်တာပဲလို့တော့ ကပ်ဖဲ့ မပြောကြပါနဲ့ခင်ဗျ။ မြွေဆိုရင် ပုလွေသံကြားတော့ ပါးပျဉ်းထောင်ပြီး ယိမ်းတောင် ကလိုက်သေးတယ်ဆိုတာလိုမျိုးပေါ့။ သူဟာနားရှိလို့ ကြားတာမျိုးမဟုတ်ပဲ၊ အလမ္ပါယ်ဆရာက ရှေ့ကနေ ဦးဆောင်လှုပ်ရှား ခေါ်ယူသွားတာမို့၊ မြွေက ရိုးတိုးရိပ်တိတ်နဲ့ ပလွေသံဖမ်း အီးရှူ၊ (မှားလို့) ယောင်တောင်ကန်း လုပ်နေတာမျိုးသာလို့ ကြားဖူးပါတယ်။ မဟုတ်ရင် ပြင်ပြောပေးကြပါ။ ပုလွေသံကြားလို့ လိုက်နားထောင်တာ၊ ကတာမဟုတ်ပဲ သူမကျေနပ်လို့ သောက်မြင်ကပ်လာရင်တော့ ခွပ်ကနဲတောင် ပေါက်ချတတ်တယ်တဲ့ဗျ။ ဆိုတော့ .. လူမှမဟုတ်ဘူး တခြား သတ္တ၀ါတွေလည်း အဲဒီတေးဂီတဆိုတဲ့ အနုပညာနောက် ကောက်ကောက်ပါအောင် လိုက်တတ်ပါတယ်လို့ ဆင်ခြေကန်ပြီး ပြောမယ် ဆိုလည်း ကျွန်တော်ကတော့ ခုလို ထပ်ကွန့်လိုက်ချင်ပါတယ်။

"နားထောင်တတ်လည်း သူတို့ သီချင်းတော့ စပ်တတ်မယ်မထင်ပါဘူးဗျာ .." လို့ပါ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ ဒီအကောင်တွေနဲ့ သိပ်မဆိုင်ပါဘူး။ ပထမတစ်ချက်က လူသားတွေဟာ ဒီတေးဂီတ အနုအညာကို ဟိုးရှေးဦးမဆွ တစစ တိုးတက်ပြောင်းလဲလာတဲ့ ယဉ် ကျေးမှု အလိုက် ပုံစံအမျိုးမျိုး ခံစားလာကြတယ်။ ဒုတိယအချက်က တေးဂီတကို ဖန်တီးဖွဲ့စည်းပေးတဲ့ တေးပြုစာဆို အကျော်အမော် တွေဟာ သူတို့ကိုယ်တိုင် ခံစားချက်အရ ရင်ဘတ်ထဲကနေ အလိုလိုပေါ်ပေါက် ထုတ်လုပ်လာကြသည်ဖြစ်စေ၊ သီချင်း ဂီတကို ခံစားသူ လူသားတွေအတွက် ခေတ်ခါ အခြေအနေအရ ဖန်တီးပေးရသည် ဖြစ်စေပေါ့လေ၊ သီချင်း၊ ဂီတဆိုတာ လူသားအားလုံး အပေါ်မှာ အင်မတန်မှ သက်ရောက်မှုအား ကြီးမားတယ်ဆိုချင်တာပါ။ ဟိုတုန်းက နန်းတွင်းမှာ စောင်းလေးနဲ့ (ခေါင်းအုံးပါ ပါရင်ပါမှာပေါ့) ဖျော်ဖြေ ကြရတဲ့ ရှေးခေတ် သီချင်းကြီး သီချင်းခန့်မှသည် အခု လူငယ်တွေအကြိုက် ဟစ်ဟော့အထိ ဂီတ၊ သီချင်းဆိုတာဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အ ကြောင်းအရာနဲ့ အမျိုးအစားစုံလင်စွာပဲ လူသားတွေကို အချိန်ကာလအလျောက် လွှမ်းမိုးခဲ့၊ လွှမ်းမိုးနေကြဆဲ မဟုတ်လား။ သီချင်း နား ထောင်လွန်ပြီးတော့ သွေးတိုးတက် သေသွားတာမျိုး မရှိသလောက်ရှားပေမယ့်၊ သီချင်းကြောင့် စိတ်ဓါတ်နူးညံ့ပျော့ပျောင်းသွားတာ၊ စိတ်ဓါတ်အင်အား တိုးတက်လာစေတာ၊ ကြမ်းတမ်းခက်ထန်လာစေတာ၊ စိတ်ညစ်ညူးမိစေတာ စသည်ဖြင့် စိတ်ဓါတ်၊ ခံစားချက်တို့ကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ သီချင်းဟာ လက်နက်တစ်ခုလိုလည်း စွမ်းဆောင်နိုင်ပါတယ်။ အသိသာဆုံးကတော့ တခြားသွားမကြည့်ပါနဲ့။ မြန်မာ့အသံနဲ့ ရုပ် မြင်သံကြား ချယ်နယ်အားလုံးမှာ ဘယ်အချိန်ကောက်ဖွင့်ဖွင့် ခွေးစစ်စစ်တွေကိုတောင် အလိုလိုနေရင်း မျက်မုန်း ကျိုးချင်နေတဲ့ ကျွန် တော်တို့လို လူမျိုးအတွက် ခွေးသူရဲ အခြောက်ခံရသလိုလို၊ လက်နက်ကြီးနဲ့ အထုခံနေရသလိုလို .. " နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေကို ဒို့ကကြံနေတာ " ..၊ " ဒို့ရဲဘော်များ ပဲဟင်းစားလို့ အိမ်သာမှာ လူစည် .. " (ဆောရီးဘိုကြီး .. တိပ်ညပ်သွားလို့) စသည်ဖြင့် ကြားဖူးကြမှာ ပါ။ သီချင်းလက်နက်ကို ဒီလိုသီချင်းမျိုးတွေကို ရေးစပ်၊ ပေါ်ပေါက်၊ အသုံးချခဲ့ကြတာ၊ နားထောင်ခဲ့ကြရတာဟာ ဟိုယခင် ဗမာ့တပ်မတော် စစ်စစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဗိုလ်တိုက်ချွန်းတို့၊ ဗိုလ်လှသောင်းတို့လို ခေတ်တုန်းကတော့ အင်မတန် သာယာနာပျော် ဘွယ်ကောင်းမှာပါ။ ရေအရောများတဲ့ နွားနို့လို ဖြစ်နေတဲ့ လက်ရှိ နအဖ စစ်တပ်ခေတ်မှာတော့ ခုနကလို စိတ်ဓါတ်ကို လှုံ့ဆော် တက်ကြွ စေတဲ့ သီချင်းတွေဟာ လက်နက်တော့ လက်နက်ပဲ။ ဒါပေမယ့် အဆံမပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေတာက ခက်ပါတယ်။ မယုံရင် ကြည့်ပါ။ " တပ်မတော်ကြီးကို ဘီစကစ်ကျွေးဖို့ UN လာပါပြီ၊ ရဲဘော်အပေါင်းကို ဝေစားကြဖို့ ညွှန်ကြားအပ်ပါသည် .. " ဆိုတာမျိုးက သက်သေခံနေပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းသူပြည်သားများအတွက် ရည်ရွယ်ပြီး စိတ်ဓါတ်အင်အားကို တိုးတက်ကောင်းမွန်စေဖို့၊ ပြီးတော့ကာ မိခင် တိုင်းပြည်ရဲ့ ရေ၊ မြေ၊ လေ သဘာဝ သစ်ပင် ပန်းမန်၊ တောတောင် စတဲ့ အလှတရား အမွေတွေကို မြင်သာတတ်ကြအောင် ဖွဲ့နွဲ့ထားမှု၊ ကိုယ်နေထိုင်ကြီးပြင်းတဲ့ တိုင်းပြည်ဟာ စီးပွားရေး၊ လူမှုရေး၊ လမ်းပမ်းဆက်သွယ်၊ အခြေခံ အဆောက်အအုံ စသည်မျိုး ဘက်ပေါင်းစုံက နေ ဒီလိုဒီလို တိုးတက် ကောင်းမွန်နေပါပြီလို့ (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ညွှန်းဆိုပြချင်တဲ့ သရုပ်ဖေါ် သီချင်းမျိုးပါ။

သီချင်းအမျိုးအစား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထိရောက်အောင် မပြောပြတတ်လို့၊ ကျွန်တော် အချိန်အတန်ကြာက နားထောင်ဖူးခဲ့ပြီး ခု လက်ရှိ အခြေအနေမှာ ခေတ်နဲ့ ဘယ်လိုမျိုးမှ ဆွဲယူစပ်ဟပ် နားထောင်လို့ မရနိုင်တော့ပဲ နဲနဲ ကမောက်ကမနိုင်လှတဲ့ သီချင်းတစ်ပုဒ်ကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။ သီချင်းနာမည်က " လူချွန်လူကောင်း" ဖြစ်ပါတယ်။ သီချင်းရေးသားသူဟာ ဆရာကြီး မြို့မငြိမ်းဖြစ်ပြီး မြန်မာကျော် (သူ့ခေတ်နဲ့ဆို ကမ္ဘာတောင်ကျော်နိုင်ဖူးမယ် ထင်ရတဲ့) ဂီတစာဆိုကြီးဖြစ်တာမို့ ဒီပို့စ်နဲ့ နောက်ပြောင်တာ၊ ရွဲ့တာ၊ စောင်း တာ၊ ကဲ့ရဲ့စော်ကားတာမျိုး တစ်ခုမှမလုပ်ပါဘူး။ အဲဒီလိုမျိုးဘဲ ဒီသီချင်းကို သီဆိုသူ မည်သည့်အဆိုရှင်ကိုမှလည်း နောက်ပြောင် သရော် လိုစိတ် လုံးဝမရှိပါဘူး။ လူချွန်လူကောင်းရဲ့ မူရင်း စသီဆိုသူကိုလည်း ကျွန်တော်မသိပါဘူး။ ပြန်ဆိုတေးတွေ ပေါလွန်းတဲ့ ကျွန်တော့်တို့ မြန်မာ့ ဂီတလောကကြီးမှာ လူချွန်လူကောင်းကို ဘယ်နှစ်ဦးက ဘယ်နှစ်ကြိမ်မြောက် ပြန်ဆိုပြီးဆိုတာကိုလည်း မသိပြန်ပါဘူးခင်ဗျာ။ အခုသိတဲ့ အဆိုတော်က စာရေးဆရာ၊ ရုပ်ရှင်မင်းသား အဆိုတော် သုမောင် ဖြစ်ပြီးတော့ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းကတော့ သီချင်းတစ်ပုဒ်လုံးလိုလိုဟာ နအဖခေတ်အတွက် တမင်များ ပြောင်းပြန်လှန်ပြီး ရွဲ့ရေးထားခဲ့သလား ထင်ရအောင် စာသားတွေမှာပါဝင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းတွေဟာ စိတ်ကို အတော့်ကို ဖမ်းစားနိုင်လွန်းလှပါတယ်။ စကားမစပ်ပြောရရင် အဆိုတော် ထူးအိမ်သင် ရဲ့ "နဲနဲလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် "… ကို ကိုယ်အသုံးမကျလို့ ကပြောင်းတိ ကပြောင်းဆန်ဖြစ်တဲ့ အချိန်မှာ ရသေ့စိတ်ဖြေ ညည်းတတ်ပြီး၊ ကိုယ်က သောက်ညင်ကပ်သူများရှေ့ ရောက်ရင်တော့ လေးဖြူရဲ့ "ရူးချင်ယောင်ဆောင်မနေနဲ့" ဆိုတာကို ကြားမိတတ်ပါတယ်။ ဒီစကား မိတ်ဆွေအတွက် မှားတယ်ဆိုရင် မျက်စိအညောင်းခံပြီး ရှေ့ဆက်မဖတ်တော့ဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်။

ကျွန်တော် နားထောင်ဖူးတဲ့ လူချွန်လူကောင်း ပထမအပိုဒ်ကို မြန်မာ့ စန္ဒရားလေးနဲ့ စထားပါတယ်။ အတီးကို နားမလည်လို့ သေချာ မပြောတတ်ပါခင်ဗျာ။ ဂစ်တာ အနဲငယ် ခေါက်တတ်ပေမယ့် ကိုယ်တိုင်တီးပြီး ဆိုလို့ရှိရင်တော့ မာရဇ္ဇရဲ့" စည်းများက ခြားထားပြီအချစ် " ဆိုတဲ့ စာသားလေးကို " ချီးများကစားထားပြီအချစ်" အော်မိလို့ နောက်ဘယ်တော့မှဆိုတီး မလုပ်ရဲတော့ပါဘူးခင်ဗျာ။ ဒီလို အဖြစ်ဆိုး တွေကြောင့်အာဇာနည်ရဲ့ " စည်းတစ်ဘက်ခြား" အခွေကို ဆိုင်မှာဝယ်တုန်းကတောင် " ချီးတစ်ဖတ်စား" မဖြစ်အောင် မနဲ ထိမ်းပြောခဲ့ရ ဖူးတယ်လေ။ သီချင်းစာသားတွေ အောက်မှာ ရေးထားပါတယ်။ ကြုံကြိုက်ရင် mp3 ပြောင်းပြီး ဒီပိုစ် အောက်ခြေမှာ တင်ဖို့စိတ်ကူးထားပါ တယ်။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်
မြန်မာ့သားကောင်းများကို အဆိုအတီးအမှုနဲ့ပင်
ရိုသေခင်မင် .. အားတက်အလေးပြုလျက်ပဲအစဉ် ..

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားလျှင်
လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံအဥာဏ်ဝေဖန်မြော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင်
လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

သီချင်းစာသားကတော့ဒီလောက်ပါပဲ။ ကျော့ကျော့ပြီးထပ်ဆိုတာတွေနဲ့ အချိန်ကရှစ်မိနစ်လောက် ကြာသွားပါတယ်။ မန္တလေး မြို့မတီးဝိုင်း ကြီးက တူရိယာအစုံအလင်နဲ့ မြိုင်လှသလို အဆိုကျော်ကြီးကလည်း မုဒ်အပြည့်နဲ့ပါ။ သီချင်းရဲ့ရည်ရွယ်ချက်ကတော့ တကယ့်ကို မွန် မြတ်လှပါတယ်။ တေးပြုစာဆိုကြီးဟာ ခေတ်ကာလအလျောက် စေတနာအပြည့်နဲ့ စပ်ဆိုထားခဲ့ပုံပါဘဲ။ ခက်တာက ခေတ်ကာလ ဆိုတာမှာ ကျွန်တော်လည်း ဒီသီချင်းကို ဘယ်အချိန်ကတည်းက ရေးစပ်ခဲ့တယ် မသိပါဘူး။ မြို့မအဖွဲ့ကိုတော့ ၁၉၂၅ ခုနှစ်က တည်ထောင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် သီချင်းဟာ အဲဒီ ခေတ်ကာလ၀န်းကျင်လောက်ကပဲလို့ ထင်ရပါတယ်။ ကျွန်တော့် ထင်မြင်ချက်ဟာ အများကြီး လွဲမှားနိုင်တာပေါ့။ တကယ်လို့သာ ဗိုလ်ချုပ်နေ၀င်းစစ်တပ် အာဏာမသိမ်းခင်အချိန်တုန်းက ပေါ်ပေါက်ခဲ့တာမျိုးဆိုရင် ဘယ်လိုဘဲ ပြောပြော သီချင်းနဲ့ အချိန်ကာလကတော့ ကာရန်ညီမျှခဲ့မှာပါဘဲ။ ဘာလို့ဆိုတော့ လူကြီးတွေက ဟိုတစ်ခေတ်က ကောင်းကွက်လေးတွေ ပြောလေ့ရှိခဲ့တာကို ကြားဖူးထားတာကိုး။ အဲသလိုမျိုးပဲ ဟိုခေတ်က ကောင်းမကောင်း ကိုယ်တိုင်မသိပေမယ့် ခုခေတ်ကတော့ မကောင်းတာ သေချာတယ်ဆိုတာလည်း မျက်မြင်ကိုယ်တွေ့မဟုတ်ပါလား။ ဆိုတော့ကာ လူချွန်လူကောင်းသီချင်းကို ခံစားမိတဲ့အခါ စာသားပါ အချက်အလက်တွေဟာ ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထက်တောင်မှ ဆန်းကြယ်နေပါတော့တယ်။ သေချာဖတ်ပြီး တွေးကြည့်ပါဦး။

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင် .....

ဒါပေမယ့် ဒီသီချင်းကို လက်နက်ကောင်းတစ်ခုအနေနဲ့ ရေဒီယိုမှာ ၂၄ နာရီ မထုတ်လွှင့်သေးတာ အတွက်တော့ ဘဘကြီးတို့ကို ကျေးဇူး တင်ရမဲ့အပေါက်ပါ။ နို့မို့ ၈၈ နောက်ပိုင်းလူဖြစ်တဲ့ပုဂ္ဂိုလ်များ ကမ္ဘာ့ရေကြောင်းမှာ မြန်မာတွေ တစ်လ လခ ဒေါ်လာ ၂၀၀ ယူပြီး သင်္ဘော တက်မောင်းနေရတဲ့ အဖြစ်မျိုးတွေ မသိပဲနေတော့မှာပေါ့။ သီချင်းထဲပါတဲ့အတိုင်း လျှပ်စစ်အားကလည်း အသုံးများပါပေတယ်။ မိတ္တူ ကူးဆိုင် အားလုံးလိုလိုမှာ " မီးပျက်လျှင် မီးစက်ဖြင့်ကူးသည်" လို့ရေးထားတာ တွေ့ဖူးကြမှာပါ။ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်အား အသုံး များပုံများ မီးစက်နဲ့တောင် ရှယ်ကူးပေးကြတာခင်ဗျ။

တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင် ..

အထက်က စာသားလေးတွေလည်း ဧကန်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။ ဟိုတုန်းကဖြစ်ပါလိမ့်မယ်။ ခုတော့ ဖော်ယူနိုင်စွမ်း ကောင်း လွန်းလို့ အနာဂတ်မှာ မြေအောက် ရထားလိုင်းတွေဖေါက်ဖို့အတွက် အပင်ပန်းခံ မြေတူးစရာမလိုတော့ဘူး ထင်ပါတယ်။ ခုကတည်းက တူးထားတာ ကြွက်တွင်းလားမှတ်ရမယ်။ အပင်တွေမနေနိုင်တော့ဘူး။ တရုတ်ပြည် ပြောင်းကုန်တယ်။ မြေတွင်းဓါတ် တော်တော်များ များကတော့ အာရှတိုက်တင်မကဘဲ ရုရှားပြည်ကိုပါ ပြေးကုန်ပါပြီ။

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားပင်..

ဒီအပိုဒ်ကတော့ တကယ်ပဲ လန်ထွက်နေတယ်လေ။ လက်ရှိအိုလံပစ်မှာတောင် ရွှေဘယ်နှစ်ခု ယူလာမလဲဆိုတာကို နိုင်ငံတော် အစိုးရက စိတ်ကူးယဉ်နေတာမျိုး။ ကစားလိုက်ကြတာ။ နှစ်လုံး သုံးလုံး ဆိုတာလေးပါ ထည့်ပြောမှ ပြည့်စုံမယ်ထင်တယ်ဗျ။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

အပေါ်ကသီချင်းအစ အပိုဒ်လေးအတွက်တော့ နာဂစ်သာပြေးမြင်မိတော့တယ်။ မြန်မာ့ဆန်အိုးကြီး ဧရာဝတီက ရွှေစင်လို အိနေပါလိမ့်မယ်။ လယ်ကွင်းတွေ သွားကြည့်လိုက်ပါ။ လာမဲ့ ၂၀၀၉ အတွက် စပါးအနှံတွေ အသီးတွေများ ပြွတ်ခဲနေတာပါဘဲ။ အဲဒီပြွတ်ခဲသမျှတွေကလည်း ကြပ်ပြေးကိုပဲ အပြေးလေး ခရီးဆက်ရမှာ ကျိန်းသေပါတယ်။ ကျန်တဲ့လူငတ်ကြပေါ့။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်


စက်ရုံကြီးငယ် အသွယ်သွယ်ကလည်း ကုန်ထုတ်စွမ်းအား အရမ်းတိုးတက် ခေတ်မှီလာတာပါဘဲ။

စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုတဲ့ ခေါင်းစဉ်အောက်မှာ စက်ရုံတွေက အလျှံအပယ် ထုတ်ပေးနေတဲ့ ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်တွေက တော့ ..

ဖယောင်းတိုင်၊ (ရိုးရာမပျက်နတ်ပွဲဆက်ဖို့ ထင်ပါတယ်)

ရေသန့်ဗူး (မုန်တိုင်းမွှေပြီးမှ ၀ယ်လိုအားအရ တိုးပြီးထုတ်နေတာပါ)

ချိုချဉ် (ကျောင်းသားတွေအတွက်)

ဒန်အိုးဒန်ခွက် (အဖုံးကဲ့သို့သော စပယ်ယာပတ်စ်များအပါအ၀င်)

ယောက်မ (ထမင်းဖြစ်စေ၊ ဟင်းဖြစ်စေ၊ လိုရာကို လွယ်ကူစွာမွှေသုံးနိုင်ရန် စီမံထား၏)

တွယ်ချိတ် (အထူးအရောင်းရဆုံးပစ္စည်း၊ အ၀တ်အစားအသစ်တွေ ၀ယ်မ၀တ်ကြဘူး။ အဟောင်းကို အဲဒါတွေအားကိုးနဲ့ ဖာထေးသုံးတာ)

အပ်ချည်လုံး (အပေါ်ကနဲ့ သဘောတရားအတူတူ)

ကြွပ်ကြွပ်အိတ် (နိုင်ငံတော် လူကြီးမင်းများ၏ လမ်းညွှန်ချက်အရ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ခေတ်မှီနည်းသုံးပြီး ထုတ်လုပ်နေ)

သားရေကွင်း (မုန့်ဟင်းခါး၊ ငပိ၊ ငရုတ်မှုန့်များနှင့် အသုပ်စုံများ ပက်ကင်ထုပ်ရာတွင် မလေလွင့်စေဘဲ စနစ်တကျရှိစေရန်)

အိမ်သာသုံးစက္ကူ (လျှပ်စစ်အား အသုံးများလွန်း၍၊ ရေမတင်နိုင်သော မြို့တော်နေ ပြည်သူလူထုအတွက် သီးသန့်ထုတ်လုပ်ပေးလျက်ရှိ)
နှင့် .. အခြားသော အဆင့်မြင့် လူသုံးကုန်ပစ္စည်းများ ဆိုပါတော့။

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင် ..

သမားတော်ကြီးဇီဝကလို ပုဂ္ဂိလ်တွေ ပေါများပါတယ်။ ဆေးရုံမှာ တစ်ခုခုခွဲစိပ်ဖို့အတွက် (ကန်တော့ပါ) အမွှေးလေးရိတ်ဖို့တောင် ကွမ်း ယာဆိုင်က ဘရိတ်ဓါး ပြေးဝယ်ရပါတယ်။ (A ပိုး B ပိုး ကူးကုန်မှာစိုးလို့ နေမှာပေါ့နော်၊ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့ ဘေးကင်းတာပေါ့)။ ကလေးလေးတွေ မနက်စောစော မထလို့ မိဘကဆူပူကြိမ်းမောင်းနေပါတယ်။ ကျောင်းမတက်ခင် ကျူရှင်အမှီ ရောက်အောင်ပါ။

သီချင်းကိုသာ Open Source လုပ်ခွင့်ရရင် ထပ်ဖြည့်ချင်တာတွေ အများကြီးဘဲ။ တံတားဖေါက်တာတွေ ဆည်ဆောက်တာတွေပေါ့။ တံတားတစ်ခုပြီးလို့ ဖွင့်ပြီးလို့ လပိုင်းလေးမှာတင် အသွားအလာများလို့ တံတားကြီးခမြာ ခါးညောင်းသွားတဲ့အတွက် အနှိပ်သည် ခေါ်နှိပ် ရလောက်အောင် ကျန်းမာရေး ချူချာတာတွေ။ (လမ်းပမ်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်တယ်။ လူတိုင်း ကားဝယ်စီးနိုင်ပြီး အားအားနေ ခရီးထွက်နိုင်ကြလွန်းတော့လည်း လမ်းတွေ၊ တံတားတွေက အပျက်အစီးရှိကုန်ကြတာပါ။)

ဌာနဆိုင်ရာတွေမှာ တခမ်းတနား ဆိုင်းဘုတ်ကြီးတွေနဲ့ " ငွေပေးရန်မလိုပါ " လို့ ရေးထားတာတွေ။ အဲဒါဟာ ဥပဒေအတိုင်းပါဘဲ။ ငွေပေးရင် ဘယ်တော့မှ ရန်မလိုတတ်တဲ့ ဦးနှောက်ရှိလူသားတွေအကြောင်းပေါ့။

အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ ရှည်သွားပါတယ်။ ဒါကြောင့် တော်ပါပြီ။ လူချွန်လူကောင်းတွေ တိုင်းပြည်က ထွက်မပြေးချင်ပဲ ကုပ်ကပ်ပြီး တော့ ကိုယ့်အမျိုးသားအတွက် အမှန်အကန် အလုပ်လုပ်နိုင်မဲ့အချိန်ကို တကယ်မြင်တွေ့လိုလှပါပြီ။

ဗမာလူချွန်လူကောင်းတွေ ပေါများလှပါဘိ (ကမ္ဘာအရပ်ရပ်မှာပေါ့)

ဗမာလူချွန်လူကောင်းတွေ တဖြေးဖြေးနဲ့ရှားပါးသွားပြီထင့်။ ( ဒို့တိုင်းပြည်မှာလေ …..)

1 comment:

မြတ်ဖုန်းမို said...

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်က အမှန်ဖြစ်ပါတယ်
ကမ္ဘာကြီးကြည့်မြင်မဟုတ်ပါဘူး
အခြားစာသားတွေမှားနေတာကတော့ အမှတ်တမဲ့ မို့မှားတာမျိုးဖြစ်ပါလိမ့်မယ်